တိရိစ္ဆာန်တို့ ယာတောမြေ အခန်း(၁ - ၁)


အခန်း(၁)
ညပိုင်းရောက်သည် နှင့် မြန်တိုင်း မွေးမြူရေးခြံ ပိုင်ရှင် ကိုသာဒွန်း သည် ကြက်ခြံများ ကို် လိုက်လံ သော့ခတ် ပိတ်ဆို့ရသည်။ သို့သော် ဒီကနေ့ ညက အရက်မူးလွန်နေသည့် အတွက် ကြက်များကို အသွင်းအထုတ်လုပ်သည့် ခြံတံခါးပေါက် သေးသေးလေး ကို ပိတ်ဖို့ မေ့သွားခဲ့သည်။ အရက်မူးနေသည့် အတွက် လက်ထဲတွင်ကိုင်ထားသော မီးအိမ်သည်လည်း ဘယ်ညာ ရိန်းထိုး လှုပ်ခါနေသည်။ ထိုမီးအိမ်အလင်းကို အားကိုးပြုကာ ခန္ဓာကိုယ် ရိန်းထိုး ယိုင်ထိုးနှင့် ယာခင်းကို ဖြတ်လျှောက် ခဲ့သည်။ အိမ် နောက်ဖေး တံခါးပေါက် ရောက်သည့် အခါတွင် ဖိနပ်ကို ရောက်ရာ ပေါက်ရာ ကန်ချွတ် ပစ်ခဲ့သည်။ ထို့နောက် စားဖိုဆောင် အခန်းသို့ ဝင်ကာ ကိုယ်တိုင် ချက်ထားသော အရက်ပုံးကို ဖွင့်ပြီး နောက်ဆုံးပိတ် အနေဖြင့် တစ်ခွက်လောက် မော့လိုက်သေးသည်။ ထို့နောက်မှ အိမ်ယာဝင်သည်။ ကိုသာဒွန်း အိမ်ရာ ထဲရောက်တော့ ကိုသာဒွန်း ကတော်က အိမ်မောကျလို့ ဟောက်တောင် ဟောက်နေပြီ။

ကိုသာဒွန်း အိမ်ရာထဲရောက်ပြီး အိပ်ခန်းမီးငြိမ်းလိုက်သည်နှင့် တပြိုင်နက် တီးတိုး ပြောဆိုသံများ မွေးမြူရေးခြံထဲမှ ထွက်ပေါ်လာသည်။ လွန်ခဲ့သော ညက ဖိုးဝက်ဖြူကြီး တစ်ကောင် ထူးဆန်းသော အိပ်မက် မက်လို့ ခြံထဲမှာ ရှိတဲ့ အခြားသော တိရိစ္ဆာန်များနှင့် စကားပြောချင်သည် ဟု နေ့ခင်းပိုင်း တုန်းက ခြံထဲတွင် သတင်းတွေ ပြန့်နေခဲ့သည်။ ခြံပိုင်ရှင် ကိုသာဒွန်း ခြံထဲက ထွက်တဲ့အချိန် ခြံထဲကတိရိစ္ဆာန်အားလုံး စပါးကျီကြီး ထဲ၌ တွေ့ကြရန် စီစဉ်ထားကြသည်။ အားလုံးက သူ့ကို ဖိုးဝက်ဖြူကြီးဟု ခေါ်ကြသည်။ တကယ်တော့ သူသည် ပြီးခဲ့တဲ့ ဝက်အလှပြိုင်ပွဲတုန်းက “ပြည်ချစ်အလှ” အလှဆုံး ဝက်ဖြူကြီးဆုကို ရထားပြီးသူဖြစ်သည်။ သို့သော် ဘယ်သူမှ သူ့ကို ပြည်ချစ်အလှ လို့ မခေါ်။ ဖိုးဝက်ဖြူ လို့သာ ခေါ်ကြသည်။ တကယ်တော့ ဖိုးဝက်ဖြူကြီးသည် အားလုံး၏ ရိုသေလေးစားခြင်းကို ခံရသော သူဖြစ်သည်။ ဖိုးဝက်ဖြူကြီး စကားပြောမည် ဆိုပါက ခြံထဲတွင် ရှိသော တိရိစ္ဆာန်များအားလုံး အိပ်ရေး တစ်နာရီလောက် အပျက်ခံပြီး နားထောင်ဖို့ ဆိုလည်း ဝန်မလေးကြ။

စပါးကျီ၏ အဆုံးစွန်း တစ်ဖက် ကုန်း မို့မို့ အမြင့်တစ်နေရာတွင် ဖိုးဝက်ဖြူကြီးသည် ကောက်ရိုးခင်းပေါ် ၌ တည်ငြိမ်စွာ နေရာယူလျက် ရှိသည်။ ဖိုးဝက်ဖြူ ထိုင်နေသည့် နေရာ၏ အပေါ် အမြင့် ထုတ်တန်းတွင် မီးအိမ်လေး တစ်ခု ချိန်ဆွဲထားသည်။ အသက်အားဖြင့် တစ်ဆယ်နှစ် နှစ် ရှိပြီ ဖြစ်သော်လည်း သူသည် တောင့်တင်း ခိုင်မာ သန်စွမ်းလှသည်။ သူ၏ အသွင် အပြင်သည် ခန်ငြား ထည်ဝါပုံ ပိုပေါက်သည်။ သူ၏ ပါးစောင်တွင်လည်း အစွယ်များ မကျိုးမပဲ့ရှိသေးသည့်အပြင် ဉာဏ်စွမ်း ဉာဏ်စ ထက်မြက်မည့် ဟန်၊ သနား ကြင်နာ ကူညီတတ်မည့် အသွင်လည်း ထင်ဟပ်လျက် ရှိသည်။ မကြာခင် တွင် အခြားသော တိရိစ္ဆာန်များလည်း ပုံစံအမျိုးမျိုးနှင့် ဝင်ရောက်လာကာ သင့်တင့်သလို နေရာယူကြသည်။ ပထမဦးဆုံး အောင်နက်၊ မိညိုနှင့် ဂုတ်ကြား တို့ ခွေးသုံးကောင် ဝင်လာသည်။ ထို့နောက် ဝက်များလည်း ဝင်ရောက်လာကာ ဖိုးဝက်ဖြူ ထိုင်နေသည့် ကုန်းမြင့်ရှေ့က ကောက်ရိုးခင်း ပေါ်တွင် နေရာယူကြသည်။ ကြက်မများ က ပြူတင်းပေါက် ဘောင်တွင် နားနေကြသည်။ ခိုများကလည်း စပါးကျီခေါင်မိုး ထုတ်တန်းများဆီသို့ ပျံတက် နေရာယူကြသည်။ သိုးနှင့် နွားများသည် ဝက်များ၏ အနောက်တွင် ထိုင်ကာ အစာဟောင်းများ ကို စမြုံ့ပြန်ကြသည်။ လှည်းဆွဲသည့် မြင်းနှစ်ကောင် ဖြစ်သော ဘိုးနီ နှင့် ခင်တုတ် တို့က လေးလံ နှေးကွေး သော ခြေလှမ်းများ ဖြင့် အတူတကွ လမ်းလျှောက် ဝင်လာကြသည်။ ခြေဆံမွေးများပြည့်နှက်နေသော မြင်းခွာကို ကောက်ရိုးခင်း များ အပေါ်သို့ နင်းချသည့်အခါ ကောက်ရိုးအောက်တို့တွင် ပုန်းနေတတ်သော အကောင်ငယ်လေးများ ကို မထိခိုက်မိအောင် ဂရုတစိုက်နှင့် ထိန်းထိန်းသိမ်းသိမ်း နေရာယူသည်။ ခင်တုတ်သည် သန်မာ ထွားကြိုင်းသော မိခင် မြင်းမ တစ်ကောင် ဖြစ်ကာ မြင်းသက်တမ်း၏ တစ်ဝက်မျှလည်း အသက်ရှိလုပြီ်။ လေးကောင်မြောက် မြင်းကလေး တစ်ကောင် မွေးပြီး နောက် အရင်လို သန်သန်မာမာ မရှိတော့ချေ။ ဘိုးနီကတော့ တစ်ကယ့် ကြီးမားထွားကြိုင်းသော မြင်းသန်ကြီး တစ်ကောင် ဖြစ်သည်။ သန်မာလိုက်သည်မှာလည်း သာမန် မြင်း နှစ်ယောက် ပေါင်းစပ် ထားသလောက် သန်မာလှသည်။ နှာခေါင်းပေါ်က အဖြူရောင် အစင်းကြောင်းကြီးကြောင့် သူ၏ အသွင်အပြင်သည် ကြည့်ရ အရုပ်ဆိုးလှသည်။ တကယ်တော့ ဘိုးနီသည် ပထမတန်းစားဝင် အသိ ဉာဏ် ထက်မြက်သူ မဟုတ်။ သို့သော် သူ၏ မဆုပ်မနစ် ဇွဲလုံးလ ရှိသည့် အမူအကျင့်၊ သန်မာသော အလုပ်လုပ် နိုင်စွမ်း ခွန်အားတို့ ကြောင့် အားလုံးက သူ့ကို လေးစားကြသည်။ မြင်းတွေ ဝင်လာ ကြပြီးနောက် အဖြူရောင် ဆိတ်တစ်ကောင် ဖြစ်သည့် ဖြူလုံး ဝင်လာသည်။ ထို့နောက် လားတစ်ကောင် ဖြစ်သည့် ဘိုးညို ဝင်လာသည်။ ဘိုးညိုသည် ခြံထဲတွင် ရှိသော တိရိစ္ဆာန်များ ထဲမှ အသက် အကြီးဆုံးသော အကောင်ဖြစ်သလို စိတ်ရှည် သည်းခံစိတ် အလွန်တရာ နည်းသူလည်း ဖြစ်သည်။ သူသည် စကား သိမ်မပြော၊ သူပြောလိုက်ပြန်ရင်လည်း အမြဲတမ်းလိုလို အများနှင့်ထော်လော်ကန့်လန့်၊ ဘုကျသော စကားများသာ ပြောလေ့ရှိသည်။ ဥပမာ ပြောရလျှင် ဘုရားသခင်က သူအား အမြီှးတစ်ခု ပေးထားသည်မှာ ယင်ကောင်များကို ခြောက်ထုတ် ဖို့ဟု သူက ပြောသည်။ သို့ပေမယ့် သူတွင် အမြီှးမရှိတော့လျှင် ယင်ကောင်များ လည်း မရှိတော့ဟု ဆိုပြန်သည်။ ခြံထဲတွင် ရှိသော တိရိစ္ဆာန်များ အကြား တွင် သူတစ်ကောင်းတည်းသာ ဘယ်သော အခါမျှ ရီမောခြင်း မရှိ။ ဘာကြောင့် လဲဟု မေးလျှင် သူအတွက် ရီစရာ ဘာမှ မတွေ့ဟု ပြောလိမ့်မည်။ အဘယ်သို့ပင် ဖြစ်စေ သူသည် မြင်းကြီးဘိုးနီ ကိုတော့ ချစ်ခင် ရင်နှီး မှုရှိသည်။ သူက ဖွင့်ဟ မပြောပြသည့် တိုင်အောင် အားလုံးက သိထားသည်။ တနင်္ဂနွေ နေ့များ ဆိုလျှင် သူတို့ နှစ်ကောင်သည် ရိတ်သိမ်းထားသော ခြံမြေ၏ တစ်ဖက် မြင်းခြံ ခပ်သေးသေးလေး တစ်ခုတွင် အချိန်ဖြုန်းနေကြလေ့ရှိသည်။ နှစ်ကောင် ဘေးချင်း ယှဉ်တွဲလျက် တစ်နေရာရာကို ငေးစိုက်ကြည့်နေကြ ကာ စကားလည်း တခွန်းမျှ မပြောကြချေ။
မြင်းနှစ်ကောင် နေရာယူပြီး ချိန်တွင် အမေပျောက် ရှာနေသော ဘဲကလေး တစ်အုပ်သည် ပီကျီ ပီကျီ အသံစာစာပြုလျက် စပါးကျီထဲ ပြေးဝင်လာကြသည်။ ထို့နောက် ဟိုပြေးလိုက် ဒီပြေးလိုက်နှင့် အခြား အကောင်များ၏ အနင်း ကို မခံရအောင် ပုန်းခိုစရာနေရာကို ရှာကြသည်။ မြင်းမကြီး ခင်တုတ်က သူမ၏ ရှေ့ခြေ နှစ်ချောင်းကို ကွေးကာ အကာအကွယ်လေး တစ်ခု လုပ်ပေးသဖြင့် ဘဲကလေးများသည် ခင်တုတ်၏ ခြေထောက် အကြားတွင် ပုန်းခိုကြသည်။ ခဏ အတွင်းမှာပင် ဘဲကလေးများလည်း အိပ်သွားသည်။ နောက်ဆုံး တွင် ကိုသာဒွန်း၏ လူစီးလှည်း ကို ဆွဲရသော ခပ်တုံးတုံး ခပ်အအ နှင့် လှလှပပ ရှိသည့် အဖြူရောင် မြင်းမ မိုမို ဝင်လာသည်။ မိုမို ဝင်လာသည့်ပုံက သကြားခဲ တစ်ခဲကို ဝါးလျက် မခို့တရို့ လှုပ်လီ လှုပ်လဲ့ ဟန်အပြည့်နှင့် ဖြစ်သည်။ အရှေ့ဆုံး အနီး အနားတွင် နေရာယူကာ သူမ၏ လည်ဆံမွှေးများကို တစ်ခါခါနှင့် ဝေ့ရမ်းလျက်ရှိသည်။ လည်ဆံမွှေးတွင် အလှဆင်ထားသော အနီရောင် ဖဲပြားလေးကို အများသူငှာ သတိပြုမိစေရန် ဖြစ်သည်။ အားလုံး၏ နောက်ဆုံးတွင် ကိုရွှေကြောင် ဝင်လာသည်။ ဟိုဟို ဒီဒီ ကြည့်လိုက်သည်။ ထို့နောက် ထုံးစံအတိုင်း နွေးနွေးထွေးထွေး ရှိမည့် နေရာကို ရှာသည်။ နောက်ဆုံးတွင် ဖိုးနီနှင့် ခင်တုတ် မြင်းနှစ်ကောင် အကြားတွင် တိုးခွေ့ နေရာယူလိုက်သည်။ ထိုနေရာသည် သူ့အတွက် ဇိမ်ကျကျ မှိန်းမော လို့ရသည်။ ဖိုးဝက်ဖြူကြီး စကားပြောသည့် အခါ နားထောင်နေစရာမလို။

တိရိစ္ဆာန်များ အားလုံး စုံစုံညီညီ စုဝေးမိသည်။ သို့သော် အနောက်ပေါက် တံခါးမကြီး၏ ထုတ်တန်းတွင် အိပ်သော ကျီးနက်ကြီး ဦးမိုး တစ်ကောင် ပေါ်မလာ။ ဖိုးဝက်ဖြူကြီး က အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ အားလုံး သူ့နေရာနှင့် သူ နေရာတစ်ကျ ရှိကြကို တွေ့ရသည်နှင့် လည်ချောင်းကို တချက် ရှင်းလိုက်သည်။ ထို့နောက်

“ရဲဘော်တို့ ခင်ဗျာတို့ အားလုံး ကြားသိထားတဲ့ အတိုင်းပဲ၊ မနေ့ညက ကျွန်တော် ထူးဆန်းတဲ့ အိပ်မက် မက်ခဲ့တယ်။ ဒါပေမယ့် အဲဒီ အိပ်မက် အကြောင်းကို ကျွန်တော် နောက်တော့ ပြောပြမယ်။ အခု အရင်ဦးဆုံး အခြား အကြောင်း အရာတစ်ခု ပြောပြစရာရှိတယ်။ ရဲဘော်တို့ ကျွန်တော် ရဲဘော်တို့နဲ့ အတူ နောင် လပေါင်းများစွာ အထိ နေနိုင်တော့မယ် မထင်ဘူး။ သို့ပေမယ့် ကျွန်တော် မသေခင်မှာ ကျွန်တော် မှတ်သား လေ့လာ ထားမိတာလေးတွေကို ပုခုံးပြောင်း တာဝန် လွဲပေးဖို့ လိုအပ်တယ်လို့ ခံစားမိတယ်။ ကျွန်တော်ဟာ ဘဝမှာ အကြာကြီး နေထိုင်ခဲ့ပြီးပြီ။ ကျွန်တော် တစ်ယောက် တည်း ရှိတဲ့ အချိန်တုန်းကလည်း သေသေချာချာ စဉ်းစားမိတယ်။ ကျွန်တော်ဟာ ဒီ ကမ္ဘာမြေပေါ်မှာ အသက်ရှင်နေထိုင်ရခြင်း ရဲ့ ဘဝတန်ဖိုးတွေ၊ ဘဝရဲ့ ဖြစ်ရိုးဖြစ်စဉ် ှဓမ္မတာတွေကို အတော်အတန် နားလည် ခဲ့ပြီးပြီလို့ ဆိုလို့ရမယ်။ နောက်ပြီး ကျွန်တော်တို့ တိရိစ္ဆာန်တွေရဲ့ ဘဝတွေ ဘယ်လို နေထိုင်စားသောက်နေကြရသလဲဆိုတာလဲ နားလည်ထားတယ်။ အခုလည်း ခင်ဗျာတို့ကို ပြောပြချင်တဲ့ ဆိုတဲ့ အကြောင်းအရာဟာ အဲဒါပဲ”

“ကဲ ရဲဘော်တို့ ကျွန်တော်တို့ အခု အသက်ရှင်နေထိုင်နေကြရတဲ့ ဒီဘဝဟာ ဘာလဲ။ လက်ရှိမျက်မှောက် အခြေအနေကိုပဲ ကြည့်ကြရအောင်။ တကယ်တော့ ကျွန်တော်တို့ ဘဝတွေဟာ ဦတည်ရာမဲ့ပြီး ရည်ရွယ်ချက်တွေ ပျောက်ဆုံးနေရတယ်။ အလုပ်ဆိုလည်း ပင်ပန်းဆင်းရဲခြင်းကြီးစွာလုပ်ရပြီး၊ အသက်ရှင်နေထိုင်ရတဲ့ ဘဝသက်တမ်းတွေ တိုတောင်းလာတယ်။ ကျွန်တော်တို့ မွေးဖွားလာရတယ်။ ပြီးတော့ ကျွန်တော်တို့ ခန္ဓာကိုယ် အသက်ရှင်သန် နေနိုင်ရုံမျှ အစာကိုပဲ စားသောက်ရတယ်။ အဲဒါအပြင် အလုပ်လုပ်နိုင်စွမ်းရှိတဲ့ အကောင်တွေဆိုရင် နောက်ဆုံးခွန်အား ယဲ့ယဲ့ပဲ ကျန်တဲ့ အထိ အလုပ်တွေကို လုပ်ရတယ်။ ကျွန်တော်တို့ကို အတင်း အဓ္ဓမခိုင်းပြီးလို့ နောက်ဆုံး လုံးဝ အလုပ်မလုပ်နိုင်တော့တဲ့ အရွယ် ရောက်တဲ့ အခါကြတော့ ကြောက်မက်ဖွယ် ရက်စက်မှုတွေနဲ့ သတ်ဖြတ်ခြင်းကို ခံရတယ်။ ဒီ မြန်မာပြည်မှာ ရှိတဲ့ တိရိစ္ဆာန်တွေအားလုံး ဟာ အသက်တစ်နှစ်ပြည့် ပြီးတဲ့နောက် ပျော်ရွင်မှုဆိုတာ မရှိတော့ဘူး။ ဘဝရဲ့ စည်းစိမ်ကို ခံစားရဖို့ဆိုတာလည်း မသိတော့ဘူး။ မြန်မာပြည်မှာ ရှိတဲ့ တိရိစ္ဆာန်တွေအားလုံး ဟာ မလွတ်လပ်ဘူး။ တိရိစ္ဆာန်တစ်ကောင်ရဲ့ ဘဝဟာ လမ်းပျောက် ဦးတည်ရာမဲ့ပြီး ကျွန်တစ်ကောင်လိုပဲ အလုပ်တွေ လုပ်နေရတယ်။ ဒါဟာ ဖြစ်ပျက်နေတဲ့ အမှန်တရားပဲ”

“ဒါဆိုရင် ဒါဟာ သဘာဝတရားကြီးရဲ့ သာမန် ဖြစ်ရိုးဖြစ်စဉ် ကံစီမံတဲ့ သဘောတရားပဲလား လို့ မေးမြန်းကြည့်မယ်။ ကျွန်တော်တို့ နေထိုင်နေတဲ့ ဒီမြန်မာပြည်ကြီးဟာ သဘာဝ သယံဇာတတွေ ချို့တဲ့လွန်းလို့ ဒီတိုင်းပြည်ကြီး မှာပဲ မှီတင်းနေထိုင်ကြတဲ့ တိရိစ္ဆာန်တွေ ကောင်းမွန်တဲ့ ဘဝမှာ မနေနိုင်ကြတာလားလို့ မေးမြန်ဖွယ်ရှိမယ်။ မဟုတ်ဘူး။ ရဲဘော်တို့။ ကျွန်တော် အကြိမ်ထောင်ပေါင်းများစွာ ထပ်ပြောလိုက်အုံးမယ်။ ဒါမှာ မဟုတ်ဘူးလို့။ ကျွန်တော်တို့ အမိမြန်မာပြည်ဟာ စိုက်ပျိုးမြေ အဆီအနှစ်ပေါးများ ကြွယ်ဝတဲ့ တိုင်းပြည် တစ်ပြည်ဖြစ်တယ်။ ရာသီဥတု ကလည်း ကောင်းမွန် သာယာတယ်။ ဒီ နိုင်ငံမှာ မှီတင်း ခိုနားနေတဲ့ သူတွေ အားလုံးကို အစားအစာ လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်တဲ့ အပြင် အမြောက်အမြား ပိုလျှံတဲ့ အထိ ထုတ်လုပ်နိုင်စွမ်းရှိတယ်။ အခု ကျွန်တော်တို့ နေတဲ့ ဒီယာတောမြေကို ပဲ ကြည့်။ မြင်း တစ်ဆယ့်နှစ်ကောင်၊ နွား အကောင်နှစ်ဆယ်၊ ဆိတ် အကောင်တစ်ရာလောက် မှီတင်း နေထိုင် နိုင်တယ်။ နောက်ပြီးတော့လည်း အားလုံးဟာ စိတ်ကူးယဉ်တာထက်တောင် သာလွန်ကောင်းမွန်တဲ့ ဘဝမှာ သက်တောင့် သက်တာ ဂုဏ်သရေ ရှိရှိ နေထိုင်ရတယ်။ ဒါနဲ့ တောင်များ ဘာဖြစ်လို့ အခုလို့ ကျွန်တော်တို့ရဲ့ ဘဝတွေဟာ ဦတည်ရာမဲ့ပြီး ရည်ရွယ်ချက်တွေ ပျောက်ဆုံးနေရတာလဲ။ အဲဒါဟာ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လုပ်အားတွေနဲ့ အလုပ်လုပ်လို့ ထွက်လာတဲ့ ထွက်ကုန် ပစ္စည်းတွေ အားလုံးနီးပါးကို လူတွေက ကျွန်တော်တို့ ဆီကနေ ခိုးယူနေလို့ပဲ။ ကျွန်တော်တို့ အခုလို ကြုံတွေနေရတာတွေ အတွက် အဖြေရှိတယ် ရဲဘော်တို့။ အဲဒါကို တိုတို တုတ်တုတ် စကားတစ်လုံတည်းနဲ့ ပြောရရင် လူ ပဲ။ လူ ဟာ ကျွန်တော်တို့ရဲ့ တကယ့် ရန်သူ စစ်စစ်ပဲ။ ကျွန်တော်တို့ ရဲ့ မျက်မှောက် မြင်ကွင်းထဲကနေ လူ တွေကို ဖယ်ရှားပစ်ရမယ်။ ဒါဆိုရင် ငတ်မွတ်ခေါင်းပါးခြင်း ပြဿနာ၊ အတင်းအဓ္ဓမ အလုပ်စေခိုင်းခံရတဲ့ပြဿနာ အဓိက တရားခံကို ဖယ်ရှားပြီး ဖြစ်လိမ့်မယ်။”

“လူ ဟာ ထုတ်ကုန် ဘာတစ်ခုမှ မထုတ်ပဲ၊ အလကား စားသုံးနေတဲ့ သတ္တဝါတွေ ဖြစ်တယ်။ လူဟာ နို့လည်း မထုတ်ဘူး။ လူဟာ ဥလည်း မဥဘူး။ လယ်မြေကို ထွန်ဖို့အောင်လည်း ခွန်အား မရှိဘူး။ ယုန်ဖမ်း အမဲလိုက် ဖို့ မြန်မြန်ပြေး နိုင်သလား ဆိုတော့လည်း မပြေးနိုင်ဘူး။ ဒါနဲ့များတောင် လူဟာ တိရိစ္ဆာန်တွေရဲ့ အရှင်သခင် ဖြစ်နေသေးတယ်။ တိရိစ္ဆာန်တွေကို အလုပ်လုပ် ခိုင်းတယ်။ အဲဒီအတွက် တိရိစ္ဆာန်တွေကို ဘာပြန်ပေးသလဲဆိုတော့ အစာမငတ်ရုံ တမယ်ပဲ ကျွေးမွေးထားတယ်။ ကျန်တဲ့ အရာတွေအားလုံးကို သူ့အတွက်ပဲ သိမ်းဆည်းသွားတယ်။ ကျွန်တော်တို့ ဟာ မြေတွေ ထွန်ယက်ရတယ်။ ကျွန်တော်တို့ စွန့်ပစ်တဲ့ မစင်တွေနဲ့ပဲ စိုက်ပျိုးမြေသြဇာ တိုးပွားစေတယ်။ ဒါနဲ့များတောင် ကျွန်တော်တို့ တိရိစ္ဆာန် တစ်ကောင် တစ်မြီးမှ လူကို စိုးစိကလေးတောင် မလွှမ်းမိုးနိုင်ဘူး။ နွားတွေ၊ ခင်ဗျားတို့ ကျွန်တော်မျက်မြင်ကိုယ်တွေ့ အရ မေးမယ်ဗျာ။ လွန်ခဲ့တဲ့ နှစ်က နွားနို့ ဂါလံ ဘယ်နှစ်ထောင်လောက် ခင်ဗျားတို့ ထုတ်လုပ်ပေးခဲ့ရသလဲ။ ပြီးတော့ ခင်ဗျားတို့ရဲ့ နွားကလေးတွေ သန်မာကြီးထွားလာစေဖို့ ကြွေးမွေးရမဲ့ အဲဒီ နွားနို့တွေ ဘယ်ရောက်သွား သလဲ။ ခင်ဗျာတို့ ထုတ်လုပ်လိုက်တဲ့ နွားနို့ အစက်တိုင်း အစက်တိုင်းဟာ ကျွန်တော်တို့ ရဲ့ ရန်သူတွေရဲ့ လည်းချောင်းထဲ အကုန် လျောဝင် စီးဆင်းကုန်တယ်။ ကြက်မတွေ ရော ဘာထူးလဲ။ ပြီးခဲ့တဲ့ နှစ်တုန်းက ခင်ဗျားတို့ ကြက်ဥတွေ ဘယ်နှစ်လုံးတောင် ဥချခဲ့ရသလဲ။ အဲဒီအထဲက ဘယ်နှစ်လုံးလောက် ကြက်ကလေးတွေအဖြစ် အကောင်ပေါက်ခဲ့သလဲ။ အကောင်နည်းနည်းပဲ ပေါက်ရပြီး ကျန်တဲ့ ကြက်ဥတွေ အားလုံး စျေးမှာ ရောင်းစားလိုက်ကြတယ် မဟုတ်လား။ ကိုသာဒွန်းနဲ့ သူ့ရဲ့ တပည့် တပန်းတွေက ရောင်းလို့ ရတဲ့ ပိုက်ဆံတွေ အားလုံး သိမ်းကြုံးယူသွားကြတယ်။ နောက် ဒီမယ် ခင်တုတ်၊ နင်မွေးပေးခဲ့တဲ့ မြင်ပေါက်ကလေးတွေ လေးကောင် ဘယ်ရောက်သွားပြီလည်း။ အဲဒီ မြင်းကလေးတွေက နင် အခုလို အသက်အရွယ်ကြီးရင့်လာတဲ့ အရွယ်ရောက်ရင် နင့်ကို ပြုစု စောင့်ရှောက်ရမှာ။ အခုတော့ နင့် မြင်းကလေးတွေလည်း တစ်နှစ်ပြည့်တာနဲ့ ရောင်းစားခံရတယ်။ နင်လည်း သူတို့ကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူး။ အဲဒီ မြင်းကလေး လေးကောင် မွေးပေးရတာတွေ၊ လယ်မြေမှာ အလုပ်တွေ လုပ်ပေးရတာတွေ အတွက် နင်ဘာပြန်ရသလဲ။ အချိုးကျပေးတဲ့ မစို့မပို့စားစရာ ဝေစုနဲ့ မြင်းအိမ် သေးသေးလေး တစ်ခုပဲ ရတယ်မလား။”

No comments:

Post a Comment